International News

ဥရောပကော်မရှင်နှင့် ဂျပန်နိုင်ငံတို့အကြား Agreement on civil aviation safety ကိုလက်မှတ် ရေးထိုးခဲ့ခြင်း

Last Updated:

ဥရောပကော်မရှင်နှင့်ဂျပန်နိုင်ငံတို့အကြား လေကြောင်းပို့ဆောင်ရေးဆိုင်ရာ သဘောတူညီ ချက်တစ်ရပ်ဖြစ်သည့် Agreement on civil aviation safetyကို ၂၂-၆-၂၀၂၀ နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး၊ ယင်းသဘောတူညီချက်သည် အီးယူလေကြောင်း ပို့ဆောင်ရေးလုပ်ငန်း၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် အီးယူနှင့်ဂျပန်နိုင်ငံတို့အကြား ခိုင်မာ သည့် ပူးပေါင်းဆောင်ရွက်မှုကို ထပ်မံအားကောင်းစေနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။ အီးယူ-ဂျပန် စီးပွားရေးမိတ်ဖက်သဘောတူညီချက် စတင်ခဲ့မှု တစ်နှစ်ခွဲ ကာလပြီးနောက် ယခုကဲ့သို့ လေကြောင်းဆိုင်ရာသဘောတူညီချက် လက်မှတ်ရေးထိုးခြင်း သည်နှစ်ဘက်အပြန်အလှန် ယုံကြည်မှုနှင့် မဟာဗျူဟာမြောက်ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်း စေရေးကတိကဝတ်များကို ပြသခြင်းဖြစ်ကြောင်း၊ ဘုံသဘောတူညီသည့် စည်းမျဉ်းများဖြင့် အီးယူနှင့်ဂျပန်ကုမ္ပဏီများအကြား ပူးပေါင်း ဆောင်ရွက်မှုကို လွယ်ကူချောမွေ့စေမည်ဖြစ်ပြီး၊ နှစ်ဘက်အာဏာပိုင်များအကြား စီမံအုပ်ချုပ်မှုဆိုင်ရာအခက်အခဲများကို လျှော့ချနိုင်မည်ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းများကို ဖန်တီးပေး၍ စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုတို့ကို အားကောင်း စေမည်ဖြစ်ကြောင်း သိရှိရပါသည်။

အီးယူနှင့်ဂျပန်နိုင်ငံတို့အကြား နှစ်နိုင်ငံလေကြောင်းပို့ဆောင်မှုဘေးကင်းလုံခြုံရေး သဘော တူညီချက် (Bilateral Civil Aviation Safety Agreement –BASA) သည် အီးယူ၏ လေယာဉ်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများအား ဂျပန်နိုင်ငံတွင် ဈေးကွက်ဝေစု ရရှိရေးနှင့် ကုန်သွယ်မှုတိုးတက်စေရေးကို အထောက်အကူပြုမည်ဖြစ် ကြောင်း၊ ယခုသဘောတူညီချက်သည် လက်ရှိကိုရိုနာ ဗိုင်းရပ်စ် အကျပ်အတည်းကြောင့် ထိခိုက်မှုရှိခဲ့သည့် လေကြောင်းလုပ်ငန်းကဏ္ဍ ပြန်လည်ထူထောင်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်းသိရှိရပါသည်။ ယင်းသဘောတူညီချက်အရ ဂျပန်နိုင်ငံ၏ လေယာဉ်ပစ္စည်းဈေးကွက်သို့ ဝင်ရောက်ခွင့် ရရှိရေး လွယ်ကူစေမည်ဖြစ်သဖြင့် ဗိုင်းရပ်စ်အကျပ်အတည်းကြောင့် များစွာထိခိုက်ခဲ့သည့် လုပ်ငန်းကဏ္ဍအပေါ် အကူအညီ ပေးနိုင်မည်ဖြစ်ကြောင်း၊ လေကြောင်းပို့ဆောင်ရေး ဆိုင်ရာ လုံခြုံမှုမြင့်မားစေရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိုက်ညီမှုများ အတွက်  အီးယူနှင့်ဂျပန် လေကြောင်းပို့ဆောင်ရေးအာဏာပိုင်များအကြား ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ခြင်းလည်းဖြစ်သည်ဟု ဥရောပကော်မရှင်၏ ပို့ဆောင်ရေးကော်မရှင်နာ Adina Valean က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါသဘောတူညီချက် (BASA)၏ အဓိကရည်ရွယ်ချက်မှာ နှစ်နိုင်ငံအကြား လေယာဉ်နှင့်ဆက်စပ်ပစ္စည်းများ ကုန်သွယ်မှုကို လွယ်ကူစေရေးဖြစ်ကြောင်း၊ ယခု သဘောတူညီချက်သည် လေယာဉ်ပစ္စည်းများအတွက် စမ်းသပ်စစ်ဆေးခြင်းဆိုင်ရာ မလိုအပ်သည့် အဆင့်များကို ဖယ်ရှားသွားမည်ဖြစ်ပြီး၊ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများနှင့် လေကြောင်းပို့ဆောင်ရေးလုပ်ငန်းတို့၏ ကုန်ကျစရိတ်ကိုလျှော့ချ၍  အီးယူနှင့် ဂျပန်နိုင်ငံတို့မှ လေကြောင်းပို့ဆောင်ရေး အာဏာပိုင် အဖွဲ့အစည်း များအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင်အဆိုပါသဘောတူညီချက်သည် လေယာဉ်ဆိုင်ရာပစ္စည်းထုတ်လုပ်သူများအတွက် ဂျပန် နိုင်ငံသို့ တင်ပို့ခွင့်အတည်ပြုချက်ရယူရန်လိုအပ်သည့်အချိန်ကာလကို သိသိသာသာလျှော့ချမည်ဖြစ်ကြောင်း၊ အလားတူဉာဏပစ္စည်းမူပိုင်ခွင့်အပါအဝင် ပိုမိုအား ကောင်းသော ဥပဒေပိုင်းဆိုင်ရာသေချာမှုကို ပံ့ပိုးပေးသွားမည်ဖြစ်ကာ အီးယူနှင့် ဂျပန်နိုင်ငံကုမ္ပဏီများအကြား ပိုမိုပူးပေါင်းဆောင်ရွက်မှုဆီသို့ ဦးတည်စေမည် ဖြစ်ကြောင်း၊ အီးယူ-ဂျပန် အရည်အသွေးမီအခြေခံ အဆောက်အဦနှင့် ရေရှည်တည်တံ့သည့် ကူးလူးဆက်သွယ်မှုဆိုင်ရာ မိတ်ဖက်သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးထားပြီး၊ ယခုသဘောတူညီချက် BASA သည် အီးယူ၏ ဥရောပနှင့်အာရှချိတ်ဆက်ရေး မဟာဗျူဟာနှင့်အညီ နှစ်ဘက်အကြား ပို့ဆောင်ဆက်သွယ် ရေးချိတ်ဆက်မှုကို ပိုမိုအားကောင်းစေမည်ဖြစ် ကြောင်း ဥရောပကော်မရှင်၏ ၂၂-၆-၂၀၂၀ နေ့စွဲပါ press release တွင်ဖော်ပြထားမှုအရ သိရှိရ ပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် (Press Release, European Commission)

 

Category: International News